မန္တလေးတွင် ပိုးတွေ့လူနာများနဲ့ ထိတွေ့ဆက်စပ်သူများကို Q ထားရန် နေရာ မရှိတော့ဟုဆို

မန္တလေးတွင် ပိုးတွေ့လူနာများနဲ့ ထိတွေ့ဆက်စပ်သူများကို Q ထားရန် နေရာ မရှိတော့ဟုဆို

မန္တလေးခရိုင်အတွင်း ကိုဗစ် Positiveလူနာများနှင့် ထိတွေ့ခဲ့တဲ့ ထိစပ်သမားများအတွက် လောလောဆယ်မှာ ထားစရာနေရာမရှိသေးပဲ နေအိမ်မှာသာ ခေတ္တနေထိုင်ခိုင်းပြီး စင်တာမှ ထိစပ်များ ဆင်းသွားမှသာ ပို့ဆောင်ပေးရကြောင်း လူမှူကူညီရေးအသင်းမှ ပြောပြချက်အရ သိရပါတယ်။

“လောလောဆယ် စိန်ပန်း အထက ၂၄ မှာဖွင့်ထားတဲ့ ထိစပ် Qစင်တာ ကလည်း မနေ့ကတည်းက ပြည့်သွားပြီ ခုချိန်မှာ ထိစပ်သမားတွေကို သူတို့ရဲ့နေအိမ်တွေမှာသာ ခဏနေခိုင်းပြီး Q စင်တာက ဆင်းသွားတဲ့သူရှိတော့မှ ဆင်းတဲ့အရေအတွက်အလိုက် ပြန်ပို့ဆောင်ပေးနေရတာ ခုတော့ဘောလုံးကွင်းထဲက ဧရာဝတီစင်တာမှာ ထိစပ်သမားတွေထားဖို့ လုပ်မယ်လို့ကြားထားတယ်”လို့ မဏီစလ လူမှူကူညီရေးအသင်းမှ ကိုထက်အောင်က ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ နိုဝင်ဘာ ၁၁ ရက် နောက်ပိုင်းကစပြီး တစ်ရက်လျှင် ပိုးတွေ့လူနာ ၇၀ ကျော်အထက်မှာ ရှိခဲ့ပြီး ၄င်းတို့အထဲမှာ ကိုယ်ဝန်ဆောင်မိခင်များလည်း ပါလာကြောင်း သိရပါတယ်။

“Positive လူနာနဲ့ ထိတွေ့တဲ့ ထိစပ်သမားတွေကို သေသေချာချာ ထိန်းဖို့ လုပ်ထားတယ် ဒီမှာက positive သမားနဲ့ ထိစပ်သူက ၂ ယောက်ကနေ ၃ ယောက်အထိ ရှိတတ်တဲ့ အနေအထားမှာ ရှိနေတယ်”လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာများနဲ့ တွေ့ဆုံရာမှာ ပြောပါတယ်။

အခုချိန်မှာ ထိစပ်သမားများကို ထားရှိနိုင်ရန် မန္တလာသီရိဘောလုံးကွင်း ဧရိယာအတွင်း တိုးချဲ့ဆောက်လုပ်မှုများ လုပ်ဆောင်လျှက်ရှိနေပါတယ်။

မန္တလေးမြို့ပေါ်မှ ထိစပ်သမားများကို လူ ၂၀၀၀ ဆံ့ ဇီးပင်ကြီးစင်တာအပါအဝင် စင်တာ ၆ ခုထားရှိပေးထားကာ ကုသရေးစင်တာများအဖြစ် ကန်တော်နဒီဆေးရုံ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံနဲ့ ဘောလုံးကွင်းဧရိယာအတွင်းရှိ ဧရာဝတီ ဖောင်ဒေးရှင်းရဲ့ ကုတင် ၃၀၀ စင်တာတွေမှာ ကုသပေးနေပါတယ်။

လက်ရှိ နိုဝင်ဘာ ၁၄ ရက်နေ့အထိ စာရင်းများအရ မန္တလေးတိုင်းအတွင်း ကိုဗစ်လူနာ ၂၉၂၉ ဦး အထိရှိခဲ့ကာ ဆေးရုံမှ သက်သာပြီး ဆင်းသွားသူ ၂၁၀၉ ဦးနဲ့ သေဆုံးသူ ၁၈ ဦး ရှိပါတယ်။ ဆေးရုံများမှာ တက်ရောက်ကုသမှု ခံယူနေသူမှာ ၈၀၂ ဦး ရှိနေတယ်လို့ သိထားရပါတယ်။