အကြွေပန်းများရဲ့ ရနံ့ပြယ်ဘဝဇွန်ပန်းပွင့်

မြန်မာတိုင်းမ်နေ့စဉ်

ဓာတ်ပုံ-ဇာနည်ဖြိုး

ဆွေဆွေ (အမည်လွှဲ) အဖို့ ထိုနေ့ရက်များကို ပြန်လည်တွေးတောရသည်မှာ ရင်ထဲတွင် ဆို့နစ်နစ် ဖြစ်လှသည်။ အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့တုန်းက ဆွေဆွေ၏ထမင်းချိုင့်ထဲတွင် ထမင်းမပါ၊ ဟင်းမပါသည့် နေ့ရက်များ ထပ်ခဲ့ရသည်။

ဒီနေ့ဝတ်လာသည့် အဝတ်ကို အိမ်ပြန်ရောက်သည်နှင့် လျော်ဖွတ်ပြီးလှမ်းကာ နောက်တစ်နေ့မနက်တွင် ခြောက်သွေ့သွားသော ထိုအင်္ကျီကို အပေါင်ဆိုင်ကို ပို့ရသည့်နေ့များလည်း မကြာမကြာ ကြုံလာခဲ့ရသည်။

သူ့ဘဝခရီးကြမ်းကြီးအကြောင်း ခင်မင်ရသည့် မိတ်ဆွေတစ်ဦးကို ရင်ဖွင့်မိရင်း ခန္ဓာကိုအရင်းအနှီးပြုကာ ဝမ်းစာရှာရမည့် အလုပ်တစ်ခုကို လုပ်ကိုင်ဖို့ ဖြစ်လာခဲ့သည်။

“သူငယ်ချင်းက ကျွန်မကို ဒီလောကထဲ ဆွဲမသွင်းချင်ပေမယ့် ကျွန်မမှာ အခက်အခဲရှိရင် လုပ်ချင်ရင်လည်း လုပ်ပါဆိုပြီး မိတ်ဆက်ပေးရင်း ဒီလောကထဲ ရောက်လာတာ” ဟု ဆွေဆွေက လေးကန်သောအသံဖြင့် ဖြည်းဖြည်းချင်း ဆိုလေသည်။

ဆွေဆွေ၏ အသက်မှာ ၂၉ နှစ်သာရှိသေးပြီး ရှစ်နှစ်အရွယ် သမီးလေးတစ်ဦး၊ မိခင်တို့နှင့် လှိုင်သာယာမြို့ နယ်၊ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် အိမ်ငှားနေသည်။ သမီးလေး ခြောက်လသားအရွယ်တွင် ခင်ပွန်းဖြစ်သူနှင့် ကွဲကွာသွားပြီး မိသားစုတစ်စု၏တာဝန်မှာ သူ့အပေါ်သို့ ပုံကျလာသည်။ အထည်ချုပ်စက်ရုံတွင် မစို့မပို့လစာနှင့် ရုန်းကန်ရင်း ကံကြမ္မာက သူ့ကို မည်သူမျှမနှစ်မြို့သော ထိုလောကထဲသို့ တွန်းပို့ပေးလိုက်လေသည်။

ညစဉ် ၇ နာရီအချိန်တိုင်း ဘုရင့်နောင်ဘုရားအနီး၊ သမိုင်းကားဂိတ်နဲ့ နဝဒေးပတ်လမ်းတို့တွင် ဧည့်သည်ကို မျှော်ရပြီး ၁၀ နာရီဝန်းကျင်မှ အဆင်မပြေလျှင် အိမ်သို့အိတ်ဗလာဖြင့် ပြန်လာရစမြဲဖြစ်သည်။ ထိုသို့ ဝင်ငွေမရှိပဲ ပြန်လာရသည့် အချိန်များသည် ကိုဗစ်ကာလတွင် ပိုလို့ပင်စိပ်လာသည်။

“ဧည့်သည် အတော်ပါးသွားတော့ အခက်အခဲကြုံရပါတယ်။ လာတဲ့ဧည့်သည်ကြတော့လည်း ပိုက်ဆံသိပ်မရတော့ဘူး။ အရင်တုန်းက ၁၀,၀၀၀ ဆို ခု ၅၀၀၀ တောင် မရချင်တော့ဘူး” ဟုဆွေဆွေက ပြောသည်။

သမီးလေးမွေးထားသည့် ဆွေဆွေက သူ့သမီး၏ အနာဂတ်တွင် အမဲစက်စွန်းမည်စိုးရိမ်သဖြင့် ထိုအလုပ်ကို စွန့်လွှတ်လိုသည်။ ပိုက်ဆံစုပြီး သားအမိနှစ်ယောက် ဈေးရောင်းစားဖို့ သံန္နိဋ္ဌာန်ချထားသော်ငြား စားဖို့ပင်မလုံလောက်သည့်အပြင် အိမ်ငှားခပင် လစဉ်မှန်မှန် မပေးနိုင်သေးသည့် အခြေအနေတွင် တစ်နေ့ လေးငါးထောင် ဝင်နေသေးသည့် အလုပ်ကို သူမစွန့်နိုင်ခြင်းဖြစ်သည်။

“တစ်အိမ်လုံးတာဝန်က ကိုယ့်တာဝန်ဖြစ်နေတဲ့အတွက် တစ်လုံးတခဲစုဆောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လေးငါးထောင်၊ နှစ်ထောင်လောက် အဆင်ပြေရင်တောင် စားဖို့ထဲထည့်လိုက်ရတော့ ပြန်ကုန်သွားပြန်ရော။ ၅ ရက်နေ့မှာ အိမ်လခမပေးနိုင်ရင် အိမ်က ပြောင်းပေးရတယ်။ အိမ်ရှင်ကို ၁၅ ရက်နေ့မှ အိမ်လခယူဖို့ မနည်းတောင်းပန်ထားရတယ်” ဟု ဆွေဆွေက ညည်းသည်။

ကိုဗစ်ကာလ ပထမလှိုင်းတွင် လူအများက ရောဂါပိုးကို ကြောက်လန့်ကြသည့်အတွက် ခန္ဓာကိုယ်နှင့်ရင်းကာ အလုပ်လုပ်ရသည့် သူတို့ထံသို့ မလာကြတော့။ ထို့ကြောင့် စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်လိုကြသည့် လိင်လုပ်သားများ လမ်းတွေပေါ်ထိ ထွက်လာကြသည်။

“ခါတိုင်းဆို သူတို့ကို အဲဒီနေရာတွေမှာ မတွေ့ရတတ်ဘူး။ လူတွေမြင်ဖို့ ခဲယဉ်းတဲ့နေရာတွေဖြစ်တဲ့ လမ်းကြိုလမ်းကြားတွေကို ထွက်လာကြတယ်။ အလုပ်ရသလားလို့ မေးတော့ မရကြဘူး” ဟု တော်ဝင်ခရေကွန်ရက်ဥက္ကဋ္ဌ မနှင်းနှင်းယုက ဆိုသည်။

၂၀၀၉ ခုနှစ်က အိပ်ခ်ျအိုင်ဗီကြောင့် အေအာတီဆေးရရန် ခက်ခဲနေတဲ့ အမျိုးသမီးတစ်ချို့ ထောက်ခံချက်ရရေး ကူညီပေးရင်း ဆေးသောက်ရန်လိုအပ်သူများ ဆေးလွယ်လင့်တကူရနိုင်ရန် ရည်ရွယ်ကာ တော်ဝင်ခရေကွန်ရက်အဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။

ထိုမှတစ်ဆင့် အဖွဲ့မှာ ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်ခန့်တွင် အိပ်ခ်ျအိုင်ဗီ ဝေဒနာခံစားနေသူများကို လူမှုရေးအရ ခွဲခြားမှုများနှင့် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေအရ ဖမ်းဆီးခံနေမှုများကို မြင်လာပြီး ထိုဥပဒေကို အသစ်ရေးဆွဲရန် ကြိုးစားခဲ့ကြကာ ၂၀၁၉ ခုနှစ်တွင် အချောနီးပါးရေးဆွဲနိုင်ခဲ့ပြီး အစိုးရသစ်လက်ထက်တွင် ဆက်လက်တင်သွင်းသွားမည်ဖြစ်သည်။

အိပ်ခ်ျအိုင်ဗီ ဝေဒနာသည်များကို အကူအညီပေးရာမှစကာ တော်ဝင်ခရေကွန်ရက်မှာ ၁၁ နှစ်ကာလအတွင်း ခန္ဓာကိုရင်းကာ ဝမ်းစာရှာရသည့် အမျိုးသမီးများ၏ ဘဝကို စာနာကူညီပေးလျက်ရှိသည်။

“ကိုဗစ်ဒုတိယလှိုင်းမှာကျတော့ ဆိုင်လေးတွေ ခိုးဖွင့်လာတယ်။ ကိုဗစ်ထက် စားဝတ်နေရေးက ပိုခက်ခဲတော့ ခိုးလုပ်ကြတယ်။ ကေတီဗီတစ်ခုမှာ ပိုးတွေ့လူနာအများဆုံးဖြစ်ပြီးတဲ့အခါမှာ ကေတီဗီတွေ၊ မာဆတ်တွေမှာ အဖမ်းအဆီးအများဆုံး ဖြစ်လာတဲ့အတွက်ကြောင့် စားဝတ်နေရေး ပိုခက်ခဲသွားကြတယ်” မနှင်းနှင်းယုက ဆိုသည်။

အဖမ်းခံရသော လိင်လုပ်သားများ၏ အိမ်တွင်ကျန်ခဲ့သောကလေးများ၏ ဘဝမှာလည်း မလုံခြုံတော့ပေ။

“တစ်ချို့ကလေးတွေဆို အမေက ခေါင်းအိမ်မှာ အလုပ်လုပ်ကြတဲ့အခါ ကလေးတွေပါ အဲဒီမှာ အတူတူနေကြတယ်။ အမေက ဖမ်းခံထိတဲ့အခါ ကလေးတွေကို အပြင်ကိုမောင်းထုတ်လိုက်ကြတယ်။ ဒါမျိုးပြဿနာလည်းတွေ့ရတယ်” ဟုသူက ဆိုသည်။

ကိုဗစ်ကာလတွင် ပိုက်ဆံမရှာနိုင်သဖြင့် လင်ယောက်ျား၏ အကြမ်းဖက်ခံမှုများ၊ အလုပ်ရှင်များက လုပ်ခမရှင်းနိုင်တော့သည့်အဖြစ်ကို ကြုံနေရသည့် လိင်လုပ်သားများလည်းရှိသည်ဟု မနှင်းနှင်းယုက ဆိုသည်။

“ခြုံပြီးပြောရရင် ဒုတိယလှိုင်းမှာ အကြမ်းဖက်မှုတွေ ပိုများလာပြီး ကလေးတွေထိပါ ဖြစ်လာတယ်။ များသောအားဖြင့် သူတို့မှာ အိမ်မရှိကြဘူး” ဟု မနှင်းနှင်းယုက ဆိုသည်။

တော်ဝင်ခရေကွန်ရက်က အခက်အခဲရှိသည့် လိင်လုပ်သားအမျိုးသမီး ၉၃ ဦးကို ကိုဗစ်ဒုတိယလှိုင်းတွင် ဆန်၊ဆီ၊ ဆား ပေးဝေနိုင်ခဲ့သည်။ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် အလှုရှင်များ၏အကူအညီနှင့် ရန်ကုန်နှင့်နယ်မှ အမျိုးသမီးများကို ဆန် ဆီနှင့် အလှုငွေများ အကူအညီပေးခဲ့သည်။

သန်လျင်၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပမြို့နယ်အပါအဝင် ရန်ကုန်မြို့၏ နေရာအနှံ့တွင် နေထိုင်ကြသော ထိုအမျိုးသမီးများ ထိုလောကထဲကို ရောက်လာရသည့် အကြောင်းရင်းကလည်း ဇာတ်လမ်းစုံလှသည်။

“စက်ရုံတွေမှာ အလုပ်လုပ်တဲ့အခါ သူတို့ရဲ့ပါတနာနဲ့ မှားယွင်းမိတာမျိုးရှိတယ်။ အပြင်ကိုထွက်ပါများတော့ ရည်းစားတွေများပြီး မထူးတော့ဘူး။ အလုပ်လုပ်တာခြင်းအတူတူ ပိုက်ဆံရအောင်လုပ်မယ်ဆိုပြီး ဒါမျိုးလုပ်တာလည်း ရှိတယ်။ တစ်ချို့ကျတော့လည်း သူတို့ရဲ့ မိသားစုဝင်တစ်ဦးဦးက သူတို့ကို ဒီထဲကို သွတ်သွင်းလိုက်တာ မျိုးရှိတယ်” ဟု မနှင်းနှင်းယုက ဆိုသည်။

သူ တာချီလိတ်ကိုရောက်စဉ် လိင်လုပ်သားလုပ်နေသည့် ရန်ကုန်က အမျိုးသမီးငယ်တစ်ဦးနှင့် ဆုံတွေ့ခဲ့ရသည်။ ထိုအမျိုးသမီး၏ ညီမငယ်နှစ်ဦးမှာလည်း သူ့အစ်မလုပ်ကိုင်သည့် အလုပ်ကိုပင် လုပ်ကိုင်နေသည်။

“အငယ်ဆုံး ညီမလေးဆို ၁၄ နှစ်ပဲရှိသေးတယ်။ ကျွန်မက မေးကြည့်တော့ ဒီဘက်မှာ ပိုက်ဆံလည်း ရတယ်။ ရည်းစားနဲ့ဖြစ်လို့ ပါကင်ဖောက်သွားရင် ပါကင်ဖိုးတောင်မရဘူး။ ဒီဘက်မှာက ပါကင်ဖိုးလည်း ရတယ်လို့ ပြောပါတယ်။ ဒါကတော့ သူတို့အတွေးပေါ့” ဟု သူကဆိုသည်။

အကြောင်းအမျိုးမျိုးနှင့် ထိုအလုပ်ကို လုပ်ကိုင်နေကြသော လိင်လုပ်သားများ၏ တူညီသော အဓိကအကြောင်းရင်းမှာ ငွေကြေးအခက်အခဲကြောင့်ပင်ဖြစ်ကြောင်း မနှင်းနှင်းယုက ဆိုသည်။

“တစ်ချို့ဆိုလည်း ဗဟုသုတနည်းပါးတော့ နယ်ကမိန်းကလေးတွေဆို နယ်မှာအလုပ်လုပ်ရင် ငါးသောင်းပဲရမယ်၊ ဒီမှာ ငါးသိန်းလောက်ရမယ်ဆိုပြီး ယုံပြီးလိုက်လာရာကနေ ဘဝပျက်ပြီး ပြန်ရတဲ့သူတွေလည်းရှိတယ်” ဟု သူက ပြောသည်။

ထိုအမျိုးသမီးငယ်လေးများ၏ ဘဝကို ပြောင်းလဲပေးရန် စိတ်ကူးများစွာ ရှိနေသည်။ စိတ်ကူးတစ်ခုမှာ ထိုင်းနိုင်ငံသို့ လေ့လာရေးသွားစဉ်က အမျိုးသမီးများကို ကူညီပေးသည့် အဖွဲ့တစ်ခုနှင့်ဆုံတွေ့ရာက လေ့လာခဲ့ရခြင်းဖြစ်သည်။ ထိုအဖွဲ့လေးမှာ မနက်ပိုင်းတွင် ရုံးခန်းဖွင့်ကာ ညနေပိုင်းတွင် ဘီယာဆိုင်ဖွင့်ကြသည်။ အမျိုးသမီးလေးတွေက မနက်ဆို ရုံးမှာလုပ်အားပေးကြကာ ညနေဆိုလျှင် ဘီယာဆိုင်မှာ ဝန်ထမ်းတွေအဖြစ် လုပ်ကိုင်ကြသည်။ လိင်မှုကိစ္စတော့ မလုပ်ကြပေ။ ဆိုင်မှရသည့်ဝင်ငွေကို ဝန်ထမ်းများအား အကျိုးခံစားစေတယ်။

“ကျွန်မ အဲဒီလိုမျိုးလေးတွေ လုပ်ချင်တယ်လို့ အလှုရှင်တွေကိုတော့ တောင်းခံထားတယ်။ ဖြစ်လာ၊ မဖြစ်လာ မသေချာသေးဘူး။ နောက်တစ်ခုက ဆံပင်ပညာလေးတွေ သင်ပေးမယ်။ ကျွန်မတို့ရဲ့ ရုံးခန်းမှာ ဆံပင်ဆိုင်လေးဖွင့်ထားပြီး ခေါင်းလျှော်တာပဲဖြစ်ဖြစ်၊ ဆံပင်ညှပ်တာပဲဖြစ်ဖြစ် ဆရာနဲ့သင်မယ်။ သုံးလေးလသင်ပြီးရင် တခြားဆိုင်မှာ အလုပ်လုပ်ရင်လည်းလုပ်။ တစ်ယောက်ဆီတိုင်းကို မပြောင်းလဲနိုင်ပေမယ့် ပြောင်းလဲချင်တဲ့သူတွေအတွက် အဲဒါမျိုးလေးတွေ လုပ်ချင်ပါတယ်” ဟု မနှင်းနှင်းယုက ဆိုသည်။

ကျွမ်းကျင်အဆင့်ဖြစ်လာရန် ရေရှည်အချိန်ယူရသည့်အတွက် တစ်နေ့စာ၊ တစ်နေ့ ရုန်းကန်နေရသည့် ထိုအမျိုးသမီးများ တောင့်ခံထားနိုင်ရန်မှာမူ ခက်ခဲမည်ဟု သူကတွေးသည်။

“လူတစ်ယောက်က အထောက်အပံ့ကောင်းလည်းရှိရမယ်။ ကိုယ်တိုင်လည်းကြိုးစားပြီး ပြောင်းချင်တဲ့စိတ်ရှိမယ်ဆိုရင် သူ့အလိုလို ပြောင်းပါတယ်။ တစ်ချို့ကျတော့ ဟိုးအရင်က ပိုက်ဆံလည်းရတယ်ဆိုတော့ လစာရတဲ့အလုပ်နဲ့ယှဉ်ရင် ဒီအလုပ်က ပိုအဆင်ပြေတယ်ဆိုပြီး မပြောင်းချင်တဲ့သူတွေလည်းရှိတယ်။ ဒီကာလမှာတောင် စက်ရုံက အလုပ်သမလေးတွေ စက်ရုံပိတ်သိမ်းသွားတဲ့အခါ ဒီဘက်လောကထဲ ရောက်လာကြတယ်။ ဘဝတွေ ရင်းရတယ်” ဟု မနှင်းနှင်းယုက ဆိုသည်။

ဆွေဆွေ၏ ရှစ်နှစ်အရွယ်သမီးလေးမှာတော့ လက်ရှိတွင် ကျောင်းမနေတော့ချေ။ ကိုဗစ်အပြီး အခြေအနေကောင်းလျှင် ငွေကြေးအနည်းငယ်စုဆောင်းကာ ဈေးရောင်းရန် ဆွေဆွေ တွေးထားသည်။

“ကျွန်မက သမီးလေးမွေးထားတော့ ဖအေဆိုလည်း ကျွန်မ၊ မအေဆိုလည်း ကျွန်မဖြစ်သွားပြီ။ ကျွန်မလုပ်နေတဲ့ အလုပ်ကလည်း ကလေးရှေ့ရေးမှာ အမဲစက်ဖြစ်သွားမှာ အရမ်းစိုးရိမ်တယ်။ မရှိလွန်းအားကြီးလို့ ဒီအလုပ်ကို လုပ်စားရတာပဲ ရှိတယ်။ ကိုဗစ်ကာလပြီးလို့ အရင်းအနှီးလေး စုမိမယ်ဆိုရင်တော့ သားအမိနှစ်ယောက် ဈေးရောင်းမယ်” ဟု ဆွေဆွေက ဆိုသည်။

မြန်မာတိုမ်း