တောင်ကိုရီးယားမှာ ပျောက်ဆုံးသွားတဲ့ ဆိုးလ်မြို့တော်ဝန်ကို သေဆုံးလျက်သား ပြန်ရှာတွေ့

ပျောက်ဆုံးနေခဲ့တဲ့ တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့ရဲ့ မြို့တော်ဝန်ကို သေဆုံးလျက်သား ပြန်ရှာတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယနေ့ (ဇူလိုင် ၉ ရက်) ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦး ပြောကြားမှုအရ ယနေ့ အစောပိုင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ မြို့တော်ဝန်ပတ်ခ်ဝန်ဆွန်း (Park Won-soon) ကို ဆိုးလ်မြို့ရဲ့ Sungbuk အရပ်ရှိ တောင်ကုန်းငယ်တစ်ခုအနီးမှာ လိုက်လံရှာဖွေနေကြတယ်လို့ ဆိုပါတယ်။ မြို့တော်ဝန်ရဲ့ အလောင်းကို ၎င်းရဲ့မိုဘိုင်းဖုန်းအား နောက်ဆုံး ခြေရာခံမိတဲ့ နေရာအနီး ဆိုးလ်မြို့မြောက်ဘက် Bugak တောင် (Mount Bugak) မှာ ပြန်ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

Loading...

၎င်းသေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ မြို့တော်ဝန်ပတ်ခ်ဝန်ဆွန်း ပျောက်ဆုံးမသွားမီ နာရီပိုင်းအလိုမှာ အမျိုးသမီးဝန်ထမ်းတစ်ဦးက ၎င်းကို လိင်ပိုင်းစော်ကားမှုဖြင့် တရားစွဲဆိုခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ သို့သော် ထိုကိစ္စဟာ ပတ်ခ်ဝန်ဆွန်း သေဆုံးရတဲ့ အကြောင်းရင်းတစ်ခုဟုတ် မဟုတ် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

မြို့တော်ဝန်ဟာ နေအိမ်ကနေ ထွက်ခွာမသွားမီ သေတမ်းစာကဲ့သို့ စာတိုတစ်စောင် ချန်ထားခဲ့တာကို ၎င်းရဲ့သမီးဖြစ်သူက တွေ့ရှိရပြီးနောက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တယ်လို့ AP သတင်းက ဖော်ပြပါတယ်။ အသက် ၆၄ နှစ်အရွယ် ပတ်ခ်ဝန်ဆွန်းဟာ ၂၀၁၁ ခုနှစ်မှာ ဆိုးလ်မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၄ နဲ့ ၂၀၁၈ ခုနှစ်တွေမှာလည်း နှစ်ကြိမ် ပြန်လည်ရွေးကောက်ခံခဲ့ရပြီး လက်ရှိမှာ ၎င်းရဲ့ မြို့တော်ဝန်သက်တမ်း တတိယမြောက်နဲ့ နောက်ဆုံးအဖြစ် ဆောင်ရွက်နေပါတယ်။

၎င်းဟာ ယနေ့ ရုံးသို့ရောက်မလာခဲ့ဘဲ သမ္မတရုံး တာဝန်ရှိသူတစ်ဦးနဲ့ ဆိုလ်းမြို့တော်ခန်းမ ရုံးခန်းမှာ ပြုလုပ်ရန်ရှိတဲ့ အစည်းအဝေးကို ဖျက်သိမ်းထားခဲ့တယ်လို့ ဆိုးလ်မြို့တော်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက AP ကို ပြောပါတယ်။ လုံခြုံရေးကင်မရာမှတ်တမ်းကို စစ်ဆေးမှုအရ မြို့တော်ဝန်ကို မနက် ၁၀ နာရီ ၅၃ မိနစ်က ၎င်းရဲ့ဖုန်းအား နောက်ဆုံး ခြေရာခံမိခဲ့တဲ့နေရာရှိတောအုပ်တစ်ခုသို့ ဝင်ပေါက်အနီးမှာ တွေ့ခဲ့ရကြောင်း ရဲအရာရှိ လီဗြောင်ဆွတ်ခ်က ပြောပါတယ်။

ဆိုးလ်မြို့တော်ဝန် ပတ်ခ်ဝန်ဆွန်းဟာ သမ္မတမွန်ဂျေအင်းရဲ့ ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတဖြစ်လာရန် အလားအလာရှိသူတစ်ဦးလို့လည်း ဆိုပါတယ်။ ပျောက်ဆုံးနေတဲ့ ဆိုးလ်မြို့တော်ဝန်ကို ရဲနဲ့ မီးသတ်အရာရှိ ၆၀၀ ခန့်၊ ဒရုန်းများနဲ့ ရဲခွေးများဖြင့် ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။

(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်သစ်များ ရှိလာနိုင်ပါတယ်)

Duwun