လမ်းစရိတ်မရှိလို့ ပဲခူးကနေ ရေစကြိုကို လမ်းလျှောက်ပြန်ရင်း ရဲနဲ့တွေ့တဲ့အခါ

ဒီဇာတ်လမ်းထဲက အဓိကဇာတ်လိုက် အညာသားနှစ်ဦးကတော့ ကျော်ဆွေဝင်းခေါ် ပေါက်ကြီးနဲ့ ကျော်မိုးအောင်တို့ပါ။ ပေါက်ကြီးက (၂၇)နှစ်၊ ကျော် မိုးအောင်ကတော့ သူ့ထက် တစ် နှစ်လောက်ကြီးတယ်။ နှစ်ဦးစလုံး လူပျိုလူလွတ်တွေ။ သူတို့က မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ထဲက ဗြိဘဆိုတဲ့ ရွာမှာနေတာပါ။ ဗြိဘက နှစ်ရွာရှိ တော့ ဗြိဘအနောက်ရွာဆို ပိုမှန်မယ်။ ရွာက ချောင်းဦးနဲ့ ရေစကြို၊စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို ကူးတဲ့ ဆင်ဖြူရှင်တံတားနဲ့ သိပ်မဝေးဘူး။

ဇာတ်လမ်းကို ပြန်ကောက် ရရင် ဗြိဘရွာသားပေါက်ကြီးနဲ့ ကျော်မိုးအောင်တို့က အရွယ်ချင်း ကလည်း မတိမ်းမယိမ်း တစ်ရွာ တည်းသားလည်းဖြစ်တော့ ရွာမှာ ကတည်းက တွဲမိကြတယ်။ နောက်ထပ်တူက နှစ်ဦးစလုံးမှာ အဖေမရှိကြတော့ဘူး။ မအေမုဆိုးမ တွေပဲ ရှိတော့တယ်။ ဒါကြောင့် လူချင်းပိုခင်ကြတယ်။ လည်ပင်း ဖက်ပေါင်းတဲ့ ပြောမနာ၊ ဆိုမနာ သူငယ်ချင်း အရင်းခေါက်ခေါက် တွေပေါ့။ အပေါင်းအသင်းဆိုတာ က ကောင်းတာလုပ်လည်း တူတူ၊ မကောင်းတာလုပ်လည်း အတူတူ မဟုတ်လား။ အဲဒီတော့ နှစ်ဦးသား မကောင်းတာလုပ်တဲ့ နေရာမှာလည်း တိုင်ပင်စရာမလိုဘူး။ မကောင်းတာ လုပ်တယ်ဆိုလို့ တခြားတော့ မထင်ပါနဲ့။ ရွာမှာဘုန်းကြီးက သီလပေးရင် ဟိုတစ်ပါးတော့ လိုက်မဆိုကြဘူး။ သိတယ်မလား သုရာမေရယလေ။ ကျန်တဲ့ ကံလေးပါးကတော့ ပြောစရာမလိုလောက်အောင်ကို သူငယ်ချင်းနှစ်ဦးစလုံး လုံကြတယ်။

ရွာမှာ ကြုံရာအလုပ်လေး လုပ်လိုက်၊ အရက်ကလေးတမြ မြ လုပ်လိုက်နဲ့ ပျော်ပျော်ပါးပါး နေနေကြတဲ့ သူငယ်ချင်းနှစ်ဦး တစ်ရက်တော့ အပြောင်းအလဲ တစ်ခု ကြုံလာတယ်။ ပဲခူး အင်းတကော်ဘက်မှာ ကျောင်းထိုင်နေတဲ့ ဗြိဘရွာသားဆရာတော် တန်ဆောင်မုန်းလောက်က ရွာကိုခေတ္တပြန်ကြွလာတဲ့အချိန် သူတို့နှစ်ဦးနဲ့ တိုးတယ်။ ဆရာတော်က ကိုယ့်ရွာသား လူငယ်လေးတွေ သောက်စားနေကြတာကို မြင်ရ တာ စိတ်မကောင်းဘူး။ လုပ်နိုင်ကိုင်နိုင်တုန်း အရွယ်ကောင်း လေးတွေ အရက်ထဲ နစ်သထက် နစ်သွားမှာကို စိုးတယ်။ ဒါနဲ့ ကဲ…မင်းတို့တွေ ငါနဲ့ ဘုရားဖူးလိုက် ခဲ့ကြ၊ ကျောင်းမှာနေ၊ လုပ်စရာရှိတာလည်း လုပ်ကြဆိုပြီး ခေါ်ခဲ့တယ်။ ကျောင်းရောက်ရင် အရက်ဖြတ်ပေးမယ်ပေါ့။ အညာသားနှစ်ဦးလည်း ဘုရားဖူးအပျော်ခရီးဆိုတော့ ပျော်ပျော်ကြီးလိုက် ခဲ့ကြတာပေါ့။

Loading...

ဘုရားထီးတင်ပွဲအမီ ပဲခူးမှ ရေစကြိုအထိ လမ်းလျှောက်ပြန်သူ ကျော်မိုးအောင်နှင့် ကျော်ဆွေဝင်း (ခေါ်) ပေါက်ကြီးတို့ကို ရွာတွင်တွေ့ရစဉ် (ဓာတ်ပုံ – ညီညီဇော်)

ပဲခူးရောက်တော့လည်း ဘုန်းကြီးက အတော်လေး အလို လိုက်ပါတယ်။ ဘုရားဖူးတွေ လည်း လိုက်ပို့တယ်။ အညာသား နှစ်ဦးပျော်တာပေါ့။ သူတို့ နှစ်ဦးကလည်း ဘုန်းကြီးဝေယျာဝစ္စတွေ လည်း လုပ်ပေးပါတယ်။ ဆွမ်းခံ၊ တံမြက်လှည်း၊ သင်္ကန်းလျှော်စတဲ့ တိုလီမိုလီကိစ္စတွေ အကုန်လုပ်ပေးကြတယ်။ အရက်ကတော့ ဘုန်းကြီး ကျောင်းထဲဆိုတော့ မ သောက်ဖြစ်အောင် ကြိုးစားကြတယ်။ မနေနိုင်မှ အပြင်လေးထွက်ပြီး ဘုန်းကြီးမသိအောင် ကစ်ကြ တာပေါ့။

တစ်ရက်တော့ ကျောင်းနား မှာ ဘုရားပွဲတစ်ခုနဲ့ ကြုံတယ်။ ညဘုရားပွဲ သွားကြမယ်ဆိုလို့ ဘုန်းကြီးက သူတို့နှစ်ယောက်ကို တစ်ဦး တစ်ထောင်စီ မုန့်ဖိုးပေး လိုက်တယ်။ ဟိုရောက်တော့ ပွဲသွားကြည့်ကြတယ်။ ပွဲသွားကြည့် ရင်း ရွာမှာ တပို့တွဲလပြည့်ကျော် ဆို ရွာဘုရားထီးတင်ပွဲရှိတယ်ဆို တာ သတိရသွားကြတယ်။ ထီးတင်ပွဲက တစ်ခါမှမကြုံဖူးဘူး။ ဇာတ်ပွဲတွေ၊ အငြိမ့်ပွဲတွေနဲ့ ကြီး

ကြီးကျယ်ကျယ်ကို လုပ်မှာလို့ကြားထားတယ်။ ဘုန်းကြီးကတော့ ထီးတင်ပွဲနီးရင် ပြန်ပို့ပေးမယ်ပြောတယ်။ ဒါပေမဲ့ ရက်ကနီးနေတာတောင် အခုထိပြန်မပို့ပေးသေးဘူး။ ဧကန္တ ဘုန်းကြီးက တို့နှစ်ဦးကို မပြန်စေချင်လို့ပြောတာ လား မသိဘူးလို့ တွေးလာတယ်။

ဒါနဲ့ နှစ်ဦးသား ပွဲကြည့်ရင်း ရွာကို ပြန်ပြေးချင်စိတ်တွေ ပေါက်လာတယ်။ တစ်သက်မှာတစ်ခါ ကြုံရမျှ ရွာထီးတင်ပွဲ၊ တစ်ရွာလုံးပျော်ကြမယ့်အချိန် တို့တွေက အဝေးမှာ နေနေရမှာလားလို့ တွေးလာတယ်။ ဒါနဲ့ နှစ်ဦးသား ရွာပြန်ကြစို့ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ရွာပြန်တာက ဟုတ်ပြီ။ ဘယ်မှာလဲ လမ်းစရိတ်။ ဘုန်းကြီးဆီကတောင်းဖို့ကလည်း မဖြစ်နိုင်ဘူး။ တောင်းရင်ပြန်ရတော့မှာ မဟုတ်ဘူး။ တခြားသူဆီက တောင်းဖို့ကလည်း ကျောင်းမှာ တခြားကျောင်းသားလည်း မရှိဘူး။ ဒါဆို ဘယ်လို လုပ်ကြမလဲ။ လက်ထဲမှာလည်း နှစ်ဦးပေါင်းမှ နှစ်ထောင်တည်း ရှိတယ်။ နောက်ဆုံး နှစ်ဦးသား ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲကွာ။ လမ်းလျှောက်ပြန်မယ်ဟု။

ဒါနဲ့ သူတို့ ကျောင်းကိုခဏ ပြန်ပြီး အဝတ်လေး ဘာလေး ပြန် ယူတယ်။ အဝတ်ကလည်း နှစ် ထည်၊ သုံးထည်ရှိတာ။ ထမင်း ဇလုံလေးတစ်လုံးနဲ့ ဆားထုပ် တစ်ထုပ်လည်း လိုရမည်ရထည့် လာခဲ့တယ်။ ဘုန်းကြီး မကြား အောင် ခြေသံဖွဖွလေးလှမ်းပြီး ကျောင်းအပြင် ပြန်ထွက်ကြ တယ်။ ပွဲက နှစ်ပါးသွားထွက်နေ ပြီဆိုတော့ ဝေလီဝေလင်းတော့ရှိ ပြီ။ အလင်းရောင်တော့ ကောင်း ကောင်းမရသေးဘူး။ ဈေးဆိုင် တစ်ဆိုင်မှာ ဆန်တစ်ပြည်ဝင်ဝယ် ခဲ့တယ်။ လမ်းမှာ ချက်စားမယ် ပေါ့။ ဆန်တစ်ပြည်အိတ်ကလေး ထမ်းပြီး ထွက်လာခဲ့တယ်။ သူတို့ အမြန်လမ်းမကြီးဆီတော့ ရောက် အောင်သွားတတ်တယ်။ အမြန် လမ်းမကြီးပေါ်ထိ ခပ်သွက်သွက် သွားကြတယ်။ အဲဒီနေ့ ၂၀၁၉ ဖေဖော်ဝါရီ ၂၄ ရက် တပို့တွဲလ ပြည့်ကျော် ၁၀ ရက်နေ့။

လမ်းလျှောက်ပြန်သည့် ရေစကြိုသားနှစ်ဦး၏ ဗြိဘရွာအဝင် (ဓာတ်ပုံ – ညီညီဇော်)

သိပ်မကြာဘူး အမြန်လမ်း မကြီးပေါ်ရောက်သွားခဲ့ကြတယ်။ လမ်းကြီးကလည်း အကျယ်ကြီး။ ဟိုဘက်မှာရော ဒီဘက်မှာပါ ကားတွေ တဝေါဝေါ သွားနေတယ်။ ဘယ်ဘက်မှာ ရေစကြိုရှိနိုင်လဲ၊ ဘယ်ဟာကတောင်၊ ဘယ်ကဟာက မြောက်လဲ၊ ရေစကြိုက မြောက်ဘက်ကို သွားရမှာကိုတော့ သူတို့သိတယ်။ တောင်ဘက်သွားရင် ရန်ကုန်ရောက်မယ်။ ဒါဆို မြောက်အရပ်က ဘယ်ဟာလဲ၊ နှစ်ဦးသား ခေါင်းချင်းဆိုင်ရတယ်။ အဲဒီအချိန်မှာ နေက တဖြည်းဖြည်း ထွက်လာတယ်။ ဟုတ်ပြီ နှစ်ဦးသားအကြံရသွားတယ်။ နေကို မျက်နှာချင်းဆိုင်ပြီး လက်နှစ်ဖက်ကို ဆန့်လိုက်ကြတယ်။ ငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ စာတိုလေးကို ရွတ် လိုက်ကြတယ်။

‘‘နေထွက်ရာ အရပ်ကို မျက်နှာမူပါ။ လက်နှစ်ဖက်ကို ဆန့် တန်းပါ။ အရှေ့နေတောက် ကျောအနောက် ဝမ်းမြောက်ဝမ်း သာ မှတ်ကြပါ။ ဟောဒါ လက် ယာတောင်ဘက်ပါ။ ဟောဒါလက်ဝဲ မြောက်ဘက်ပဲ’’ မြောက် အရပ်တွေ့ပြီ။ သူတို့ရွာပြန်ရမယ့် ဟောဒီလက်ဝဲဘက် မြောက်အ ရပ်ကို တွေ့ပါလေပြီ။ နှစ်ယောက်သား ပျော်မြူးပြီး အမြန်လမ်းမ ကြီးရဲ့ မြောက်ဘက်ကို ထွက်ခွာ သွားခဲ့ကြတော့တယ်။

ကားတွေက တဝေါဝေါနဲ့ သူတို့ကို ကျော်သွားတယ်။ နေက လည်း တဖြည်းဖြည်းမြင့်တက် လာတယ်။ ချွေးတွေလည်း ထွက် တာတယ်။ ကားတွေက ခေါ်သွား ရင်ကောင်းမှာလို့တော့ တွေးမိ သေးတယ်။ သို့ပေသိ တားလည်း မတားရဲ၊ အကူအညီလည်း မတောင်းရဲဘူး။ ရှက်စရာကြီးလေ။ တစ်မျိုးတစ်မည် အထင်ခံရမှာလည်း စိုးသေးတယ်။ မောလာရင် ခဏနားလိုက်၊ အမောပြေရင် ခရီးဆက်ထွက်တယ်။ ချောင်းကလေးတွေ တွေ့ရင် ရေဆင်း သောက်ကြတယ်။ ညနေမှောင် လာတော့ မောလည်း မောလာကြ ပြီ၊ ညောင်းလည်း ညောင်းလာ ကြပြီ။ ချောင်းတစ်ခုရောက်တော့ ရေဆင်းချိုးကြတယ်။ တစ်နေကုန်ညောင်းကိုက်လာတာဆိုတော့ ရေအေးအေးနဲ့ တွေ့လိုက်ရတော့ နှစ်ဦးသား လန်းဆန်းသွားကြ တယ်။

ရေချိုးပြီးတော့ ဗိုက်က ဆာ လာတယ်။ ထမင်းချက်ဖို့ ပြင် တယ်။ ဘေးနားက ထင်းကိုင်း ခြောက်လေးတွေ ကောက်ဆွဲ၊ ပါလာတဲ့ ဇလုံလေးထဲ ဆန်နို့ဆီဘူးတစ်ဘူးလောက် ထည့်ပြီး ရေခန်းချက်တယ်။ ခဏနေတော့ ထမင်းကျက်တယ်။ ထမင်းထဲ ဆားဖြူးထည့်နယ်ပြီး နှစ်ဦးသား စားကြတယ်။ ဆီမပါ ပြားမပါ ဟင်းလည်းမပါပေမယ့် မောပန်းဆာလောင်နေတာဆိုတော့ အတော်စား ကောင်းတယ်။

ထမင်းစားပြီးတော့လည်း နှစ်ဦးသား ဆက်ထွက်ကြတယ်။ ရွာထီးတင်ပွဲကလည်း ရက်ကပ် နေပြီဆိုတော့ အမီရောက်ချင်ကြ တယ်။ ရေစကြိုထိ လမ်းလျှောက် တာက ဘယ်တော့ရောက်မယ်ဆို တာ ကြိုမသိနိုင်ဘူး ဆိုတော့လေ။ ညလည်း မအိပ်ကြဘူး။ မောလာရင် ခဏနားလိုက်၊ ဆက်ထွက်လိုက်နဲ့ မိုးစင်စင်လင်းသွားတယ်။

နောက်တစ်နေ့ မနက်ခင်း ရောက်တော့လည်း ဆက်လျှောက်ကြတာပဲ။ မိုင်တိုင်တစ်ခုဖြတ်သွားတိုင်း ‘‘တို့ရွာနဲ့ တစ်မိုင်တော့ နီးလာပဟ’’ဆိုပြီး ကြည်နူးကြတယ်။ လမ်းမှားမှာကိုလည်း မစိုးရိမ်ကြဘူး။ ထန်းပင်ထန်း တောတွေ တွေ့ရင် တို့အညာရောက်ပြီလို့ပဲ စိတ်ကူးလာကြ တယ်။ အဲသလိုနဲ့ တစ်နေကုန်ပြန်ပါလေရော။ ဒုတိယညကို လည်း ပထမညလိုပဲ လမ်းလျှောက်လိုက်၊ နားလိုက်ပဲ။ တတိယမြောက်နေ့မှာလည်း ပထမနှစ်ရက်လိုပဲ နားလိုက်၊ သွားလိုက်တစ်ယောက်နဲ့တစ်ယောက် စလိုက် နောက်လိုက်နဲ့ အညာသားနှစ်ဦး ပျော်ပျော်ပဲ လမ်းလျှောက်ကြတယ်။ ဘာမှပြဿနာမရှိဘူး။ အဲဒီတစ်နေကုန် လမ်းလျှောက် ပြီးလို့ ညမှောင်ပြီဆိုခါမှ ပြဿနာ က စတော့တယ်။

မှောင်လာတော့ ထုံးစံအ တိုင်း နှစ်ဦးသား ဗိုက်ဆာလာတာ နဲ့ ထမင်းချက်စားဖို့ ပြင်တယ်။ အမြန်လမ်းနဲ့ ခပ်လှမ်းလှမ်းက အုတ်ပုံလေးတစ်ခုနားမှာပါ။ ပြင်ဆင်နေတုန်း ဆိုင်ကယ်မီး တဝင်းဝင်းက သူတို့မျက်နှာပေါ် ရောက်လာတယ်။ ဆိုင်ကယ်တစ်စီး သူတို့နား ထိုးရပ်တယ်။ အနားရောက်တော့ ကြည့်လိုက်မှ ရဲတစ်ယောက်။ ‘‘ဟေ့ကောင်တွေ မပြေးနဲ့’’တဲ့။ သြော်…ဒီမှာတောင် သုံးရက်လောက် လမ်းလျှောက်လာလို့ ညောင်းလို့ ထိုင်နေပါတယ်ဆိုမှ မပြေးနဲ့တဲ့။ မပြေးပါဘူး၊ မပြေးပါဘူးပေါ့။

သူတို့နှစ်ဦးကို ရဲက စစ်ဆေး မေးမြန်းတယ်။ သူတို့လည်း အဖြစ်မှန်ကို ပြောပြတယ်။ သူတို့နှစ်ဦးရဲ့ ပေတေနေတဲ့ ရုပ်ကလေးတွေကိုကြည့်ရင်း ရဲလည်း သနားသွားတယ်ထင်တယ်။ ဒီမှာတော့ မနေနဲ့ အန္တရာယ်များတယ်။ ငါနဲ့လိုက်

ခဲ့ဆိုပြီးခေါ်တယ်။ နှစ်ဦးသား နည်းနည်းတော့ လန့်သွားတာပေါ့။ ခဏဆိုပြီး ခေါ်သွားရင် ပြန်ကိုမလာတော့တာတွေ သူတို့ကြားဖူး တာကိုး။ သို့ပေသိ သူတို့မှ ဘာမှ မဟုတ်တာ မလုပ်တဲ့အတွက် လည်း ကဲ…ခေါ်တော့လည်း လိုက်ရတာပေါ့ဆိုပြီး နှစ်ဦးသား ရဲဆိုင်ကယ်နောက် တက်ထိုင် လိုက်တော့တယ်။

ရဲက အမြန်လမ်းနံဘေးက ဆိုင်လေးတစ်ဆိုင်ကို ခေါ်သွား တယ်။ သူ့ဘောင်းဘီအိတ်ထဲက နေ တစ်ထောင်တန်လေး သုံးရွက် လည်း ထုတ်ပေးတယ်။ ရော့..တစ်ခုခုစားတဲ့။ သူတို့သုံးရက်လောက် ထမင်းကောင်းကောင်း မစားရ တာနဲ့ ထမင်းတွေ၊ ဟင်းတွေမှာ ကြ၊ စားကြတယ်။ သူ့အထက် က အရာရှိတစ်ယောက်လည်း ရောက်လာတယ်။ ပြောဆိုဆုံးမ တယ်။ ‘‘မင်းတို့ကောင်တွေကွာ နှစ်တစ်ရာလောက် နောက်ပြန် ရောက်ချင်နေတာလားဟ’’ ဆိုပြီး ရယ်ရယ်မောမော ပြောတယ်။ ပိုက်ဆံရှင်းတော့လည်း သူတို့ပဲ ရှင်းပေးသွားတယ်။

စားသောက်ပြီးတော့ သူတို့ ရဲကင်းခေါ်သွားတယ်။ အိပ်ဖို့ လည်း နေရာပေးတယ်။ သို့ပေသိ နှစ်ဦးသား အိပ်မပျော်ဘူး။ မနက်ကျရင် ဘာများစစ်လားဆေးလား လုပ်ဦးမလဲပေါ့။ နှစ်ဦးစလုံးကလည်း ရုပ်က မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေ မျက်လုံးမျက်ဆန်၊မျက်ခုံးတွေက မည်းနက်နက်၊ မတော် ဘင်္ဂါလီတွေလားဆိုပြီး အထင်မှားရင် တစ်ဒုက္ခ။ စစ်တာကအကြောင်း မဟုတ်။ ရက်တွေကြာနေရင် ရွာက ထီးတင်လွတ်ဦး မယ်။ နှစ်ဦးသား သက်ပြင်းချရင်း အိပ်ပျော်အောင် အိပ်လိုက်ကြ တယ်။

မနက်ရောက်တော့ ရဲတွေ က လက်ဖက်ရည်သွားသောက်ဖို့ ပြောတယ်။ ရဲကင်းနားက ဆိုင် မှာ မနက်စာစားသောက်ပြီး ပြန် လာကြတယ်။ ယူနီဖောင်းဝတ်မ ထားတဲ့၊ အရပ်ဝတ်ထားတဲ့ လူ ကြီးတစ်ဦးက သူတို့နှစ်ဦးကို တစ် ဦး တစ်သောင်းခွဲစီ ပေးတယ်။ သူတို့လည်း ကျေးဇူးတင်ကြောင်း ပြောတယ်။ ရဲတွေက နောက်ကိုတခြားသူတွေ ဒုက္ခရောက်နေရင် လည်း မင်းတို့ ပြန်ကူညီကြဆိုပြီး ပြောတယ်။ ဟုတ်ကဲ့လို့ ပြန်ပြောတယ်။ ပြီးတော့ ရဲတွေနဲ့ သူတို့အမြန်လမ်းပေါ် ကားထွက်စောင့်ကြတယ်။ ကားကြီးတစ်စီးရောက် လာတော့ သူတို့နှစ်ယောက်ကို တက်ဖို့ပြောတယ်။ ကားပေါ်ရောက်တော့ ရဲတွေကို လက်ကလေးဝှေ့ယမ်းပြီး တာ့တာပြလိုက် ကြတယ်။

ကားကြီးက အမြန်လမ်းအ တိုင်း ဆက်ထွက်လာခဲ့တယ်။ ကားကြီးကလည်း ကောင်းလိုက် တာ။ အေးစိမ့်နေတာပဲ။ သူတို့စီး ဖူးတဲ့ တခြားကားတွေနဲ့လည်း မတူဘူး။ သူတို့စီးဖူးတဲ့ ကားတွေ က တီဗီပုံးက ရှေ့တစ်ပုံး နောက် တစ်ပုံးပဲပါတာ။ ဒီကားက အဲဒီလို မဟုတ်ဘူး။ သူတို့ရှေ့မှာ တီဗီ သေးသေးလေးတွေ တစ်ခုစီပါ တယ်။ ဇာတ်ကားကြည့်မလား၊ သီချင်းနားထောင်မလား ကြိုက် ရာလုပ်လို့ရတယ်။ နှစ်ဦးသား အတော် သဘောကျသွားကြတယ်။ ကားခကလည်း တစ်ပြားမှ ပေး စရာမလိုဘူး။

ကားက ပခုက္ကူကားကြီး၊ ပခုက္ကူရောက်တော့ ညနေစောင်း ပြီ။ ကားဂိတ်ဆင်းတော့ ပေါက် ကြီးကပြောတယ်။ ‘‘ငါ ညာမျက် ခုံးတွေ လှုပ်နေတယ်’’တဲ့။ ကျော် မိုးအောင်က စာလေးဘာလေး ဖတ်တော့ ညာဘက်ဆို သေချာ တယ်။ မင်း လာဘ်ဝင်မှာပဲဆိုပြီး ပြောတယ်။ ဒါဆို တို့နှစ်ဦး ထီထိုးကြမလားဆိုပြီး တိုင်ပင်ကြတယ်။ ထီပေါက်ရင် ရဲတွေကို ပြန်ပြီး ကျေးဇူးဆပ်မယ်ပေါ့၊ တစ်ဝက်သွားခွဲပေးမယ်ဆိုပြီး စိတ်ကူးနဲ့ ထီထိုးကြတယ်။ ထီသုံးထောင်ဖိုးထိုးပြီး ရေစကြိုပြန်ဖို့လုပ်တယ်။ သူတို့နေတဲ့ ဗြိဘရွာက ပခုက္ကူဘက်ကနေဆို ရေစကြိုကျော်ပြီး ဆင်ဖြူရှင်တံတားနားအထိမို့ မန္တလေးကားနဲ့ တစ်ခါပြန်လိုက်ရ တယ်။ ဆင်ဖြူရှင်တံတားနား ရောက်တော့ ညဥ့်သန်းခေါင်ရှိပြီ။ ရွာရောက်ဖို့ လေးမိုင်လောက် ထပ်လျှောက်ရတယ်။ ပဲခူးကနေ တောင် လမ်းလျှောက်ပြန်လာ တာ လေးမိုင်လောက်တော့ အ သာလေးပေါ့။

ရွာထိပ်ရောက်တာနဲ့ နှစ်ဦးသား ပျော်သွားကြတယ်။ တို့ရွာပြန်ရောက်ပြီပေါ့။ ရွာကတော့ တိတ်ဆိတ်နေပြီ။ ပေါက်ကြီး အိမ်က ပိုဝေးတာမို့ ကျော်မိုးအောင်က လိုက်ပို့တယ်။ ဟိုရောက်တော့ ပေါက်ကြီးအမေက တအံ့တသြပေါ့။ ညကြီးမင်းကြီး ပေါက်ချ လာလို့လေ။ သူတို့ကလည်း အူယားဖားယားနဲ့ ရွာဘုရားထီးတင်ပွဲအကြောင်း မေးတာပေါ့။ နီးပြီမလားပေါ့။ အဲဒီမှာ ပေါက်ကြီးအမေပြောလိုက်တဲ့ စကားကြောင့် သူတို့နှစ်ယောက် ပက်လက်လှန်သွားတယ်။ ‘‘ဘုရားထီးတင်က အစက တပို့တွဲလပြည့်ကျော်၊ ဒီရက်က ဆယ်တန်းစာမေးပွဲတွေ ရှိလို့ ပွဲမိန့်မရလို့ တပေါင်းလပြည့်ကျော်ထဲ ရွှေ့လိုက်တယ်’’ တဲ့ လေ။

နှစ်ဦးသား ဘုန်းကြီးက ပြန်ပို့ပါ့မယ်ဆိုတာကိုတောင် မယုံဘဲ လမ်းလျှောက်ပြန်လာကြ၊ ဒုက္ခတွေကြုံရ ဒီရောက်မှ ဘုရားပွဲရက်ရွှေ့သတဲ့ဆိုတော့ အမောကိုဆို့ရော။ သို့ပေသိ ရွာပြန်ရောက်လာ တော့လည်း ပျော်ကြတာပါပဲ။ နောက်ရက်တွေကျတော့ ရွာမှာလည်း ဖေ့စ်ဘွတ်ခ်သုံးတဲ့သူတွေရှိတော့ သူတို့ လမ်းလျှောက်ပြန်လာတာတွေရော၊ ရဲဖမ်းခံရတာ တွေပါ ဟိုးဟိုးကျော်ပါလေရော။ သူတို့နှစ်ဦးလည်း သွားကြီးဖြီးပြီး ရယ်ပြရတာပေါ့။ အဲဒါက အရေးမကြီးဘူး။ ဘုန်းကြီးကလည်း ထီးတင်ပွဲကျ ပြန်ကြွလာဦးမယ် ကြားတယ်။ နှစ်ဦးသားတော့ အဆော် ခံရဦးမှာ အသေအချာပဲ။ ရိုက် တော့လည်း ခံရမှာပေါ့။ ကိုယ်က မဟုတ်တာကိုး။ ။