အသက် ( ၂၀ ) ကျော်ပြီဆိုရင် ဒီအချက်တွေကို အကောင်အထည်ဖော်ပါ

ဆယ်ကျော်သက်အရွယ်ကိုကျော်လာပါပြီ။ ဒါပေမယ့် လူကြီးတစ်ယောက်လဲမဟုတ်သေးပါဘူး။ ဒီအချိန်ဟာ ဘ၀ရဲ့ရွှေရောင်အတောက်ပဆုံးအချိန်လို့ပြောရင်လည်းမမှားပါဘူး။ဒါကြောင့် အသက်ရှင်ရကျိုးနပ်စေမယ့် ဒီအချက်လေးတွေကို ကိုယ်တိုင်လုပ်ဆောင်ကြည့်ပါ။

၁ စိတ်ချမ်းသာဖို့အာရုံစိုက်ပါ

စိတ်ချမ်းသာတယ်ဆိုတာဘာလဲ ? သူတစ်ပါးအပေါ်မှာစိတ်ပိုင်းဆိုင်ရာအမှီခိုကင်းခြင်း၊ လွှမ်းမိုးမခံရခြင်း၊ အကောင်းမြင်စိတ်၊ သဘောထားပြည့်ဝြခင်း၊ ပွင့်လင်းခြင်းတို့ အချိုးကျ
ပေါင်းစပ်လိုက်တဲ့အခါမှာ စိတ်ချမ်းသာမှုကိုရပါလိမ့်မယ်။ ကိုယ့်ရဲ့စိတ်ချမ်းသာမှုဟာ ကိုယ့်ဆီကပဲလာပါတယ်။ တခြားသူကကိုယ်စိတ်ချမ်းသာအောင်ထားဖို့ မမျှော်လင့်ပါနဲ့တော့။

မင်းအသက်အရွယ်ရလာတဲ့အခါမှာ မင်းရဲ့စိတ်ချမ်းသာမှုထက် သူတစ်ပါးရဲ့စိတ်ချမ်းသာမှုကိုဦးစားပေးရတာများလာပါလိမ့်မယ်။ ဒါကြောင့် လူငယ်ဘ၀မှာ ကိုယ်စိတ်ချမ်းသာဖို့ ကိုအာရုံစိုက်ပါ။ တစ်နည်းအားဖြင့် အနည်းငယ်တစ်ကိုယ်ကောင်းဆန်ပါ။

၂. အသက်မွေးဝမ်းကြောင်းကိုစတင်ပုံဖော်ပါ။

ဘယ်လိုလူမျိုးအဖြစ် ဘ၀ကိုရပ်တည်ဖို့စဉ်းစားထားပါသလဲ ? မင်းကဆယ်ကျော်သက်မဟုတ်တော့တဲ့အတွက် လုပ်ငန်းတစ်ခုကိုအစပျိုးဖို့အချိန်ရောက်ပါပြီ။ ကိုယ်ရူးသွပ်ရတဲ့ စိတ်ကူးထဲကအလုပ်ကို ရုပ်လုံးပေါ်လာအောင် လက်တွေ့ဆန်ဆန်ကြိုးစားပါ။

၃. ခရီးများများထွက်ပါ။

တစ်ကိုယ်တော်ခရီးထွက်ပါ။ ဒါကဘ၀ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး အတွေ့အကြုံတွေကိုရနိုင်မှာပါ။ သူစိမ်းတွေကို ပြုံးပြပြီးဖော်ရွေလိုက်စမ်းပါ။ မရောက်ဖူးသေးတဲ့နေရာကရှုခင်းတွေကို ကင်မရာတစ်လုံးနဲ့ မှတ်တမ်းတင်လိုက်စမ်းပါ။အပူအပင်ကင်းကင်းနဲ့ လေလာရာကိုရွက်လွှင့်လိုက်စမ်းပါ။ဒီအရွယ်မှဒါတွေကိုမလုပ်ရင် မင်းအသက် ၃၀ကျော်တဲ့အခါရုံးခန်းထဲကကွန်ပျူတာရှေ့မှာထိုင်ပြီး နောင်တရနေပါလိမ့်မယ်။

၎. အပေါင်းအသင်းတွေကိုအချိန်ပေးပါ။

မင်းကျောင်းပြီးသွားတာနဲ့ ဒီသူငယ်ချင်းတွေကို နေ့တိုင်းတွေ့ဖို့မလွယ်တော့ပါဘူး။ ဒါပေမယ့်စဉ်းစားကြည့်ရအောင် ။ ရည်းစားနဲ့အဆင်မပြေတိုင်း တိုင်ပင်ရမယ့်သူ၊ မင်းရဲ့မင်္ဂလာပွဲကိုလာမယ့်သူ၊ မင်းရဲ့ သမီးလေးမွေးနေ့ကိုလာမယ့်သူ၊ အလုပ်ခွင်မှာစိတ်ညစ်ရတိုင်း ရင်ဖွင့်ရမယ့်သူ၊ ယုတ်စွအဆုံး ငွေကြေးအခက်အခဲဖြစ်ရင် ကူညီမယ့်သူဟာ ဒီသူငယ်ချင်းတွေပါပဲ။ ဒါကြောင့် ဒီသူငယ်ချင်းတွေကို အချိန်ပေးနိုင်တုန်းမှာ တန်ဖိုးထားကြရအောင်။

၅. အိမ်ခွဲနေပါ။

အိမ်မှာလူကြီးတွေမရှိတဲ့အချိန်ဆို အလွတ်လပ်ဆုံးပဲမလား ? ကိုယ်ပိုင်ဝင်ငွေရှိပြီဆိုရင်တော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ကြိုးစားသင့်ပါပြီ။ မိဘရင်ခွင်ရဲ့အဝေးမှာ အခက်အခဲတွေလဲရှိသလို အတွေ့အကြုံကောင်းတွေလဲ တွေ့ရမှာပါ။ ဒီလိုအကောင်းအဆိုးတွေကိုရင်ဆိုင်ရင်းနဲ့ ရင့်ကျက်မှုကို တည်ဆောက်ရမှာပါ။

၆. ကိုယ့်ကိုကိုယ်ချစ်ပါ၊ အချစ်ခံပါ။

အသက် ၂၀ မတိုင်ခင်ကတွေ့ခဲ့တဲ့အဆက်ဟောင်းတွေကြောင့် အချစ်ရေးကံမကောင်းဘူးလို့ယုံကြည်မထားပါနဲ့။အချစ်ခံရဖို့ အထူးတလည်ကြိုးစားနေစရာမလိုပါဘူး။ ကိုယ့်ကိုကိုယ်ချစ်တဲ့အခါ ကိုယ့်ကိုချစ်တဲ့သူရှိလာပါလိမ့်မယ်။

၇. အရမ်းလိုချင်နေတဲ့အရာတွေကို ပိုင်ဆိုင်အောင်ကြိုးစားပါ။

လိုချင်တဲ့ပစ္စည်းကိုရယူဖို့ခက်ခဲလေ ကိုယ့်ရဲ့အစွမ်းအစကိုအသုံးချရလေပါ။ ပိုင်ဆိုင်ရတာနဲ့အမျှကိုယ့်ကိုကိုယ် ယုံကြည်မှုပိုတတ်လာတာကို အထူးပြောစရာမလိုပါဘူး။ ဒါဟာ လူငယ်တစ်ယောက်မှရှိသင့်တဲ့ အတ္တ သို့မဟုတ် အစွမ်းအစတစ်မျိုးဖြစ်ပါတယ်။

၈. မေးမြန်းတောင်းဆိုဖို့မတွန့်ဆုတ်ပါနဲ့။

လူကြီးမဖြစ်သေးဘူးဆိုတာကိုမမေ့ပါနဲ့။ မင်းမသိသေးတဲ့အရာတွေအများကြီးရှိပါသေးတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ချစ်သူနဲ့ပြောဆိုရာမှာပဲဖြစ်ဖြစ်မသိသေးတဲ့အရာတွေကိုပွင့်လင်းစွာမေးပြီး လိုအပ်တာကို ရိုးသားစွာတောင်းဆိုပါ။ ဒီလိုမေးမြန်းတောင်းဆိုပိုင်ခွင့် မင်းမှာအပြည့်အ၀ရှိပါတယ်။ ဒါဟာ သင်ယူခြင်းတစ်မျိုးပါပဲ။

၉. ကိုယ့်ကိုကိုယ်စောင့်ရှောက်ပါ။

အစားအသောက်၊ အနေအထိုင်၊ အသားအရေထိန်းသိမ်းပုံ တို့သာမက ပညာရေး လူမှုရေး စီးပွားရေး ကျန်းမာရေးတို့ကိုပါ ဂရုစိုက်ပါ။ဒီအချိန်မှာ ကိုယ့်ကိုကိုယ်မစောင့်ရှောက် မထိန်းသိမ်းခဲ့ရင် အသက် ၄၀ မှာ နောင်တရရပါလိမ့်မယ်။

၁၀. စားချင်တာစားပါ။

ဒီအရွယ်မှာ ခန္ဓာဗေဒဖြစ်စဉ်တွေက နောက် ၁၀ နှစ်ထပ် ၁၀ ဆပိုမိုကောင်းမွန်နေသေးတဲ့အတွက် အရသာရှိတာအများကြီးကိုစားလို့ရပါသေးတယ်။ကိုယ်စားချင်တာကိုကိုယ်တိုင်ချက်ပြုတ်နိုင်ဖို့သင်ယူပါ။ မတူညီတဲ့အစားသောက်နဲ့ အရသာတွေကို မြည်းစမ်းပါ။

၁၁. ကိုယ့်အပေါ်မကောင်းသူတွေကိုရှောင်ပါ။

အပေါင်းအသင်းဆိုးတစ်ရာ ထပ် သူငယ်ချင်းကောင်းတစ်ယောက် ကပိုသာပါတယ်။ ကျောင်းသားဘ၀ကလို အနိုင်ကျင့်တတ်သူ အကျင့်ဆိုးရှိသူတွေကို ရှောင်ပါ။

၁၂. ကိုယ့်ဘ၀ရဲ့အဓိပ္ပာယ်ကိုရှာပါ။

၂၀ ကျော်အရွယ်မှာ အလုပ် တစ်ဖက်နဲ့ နေ့စဉ်ဘ၀ကနှစ်မြှပ်နေဖို့လွယ်ပါတယ်။ ဒါကကိုယ်ဖြစ်ချင်တဲ့ဘ၀လား ? ရေရှည်အနေနဲ့ဘယ်လိုရပ်တည်မလဲ ? ဒီအရွယ်မှာ ကိုယ်ဖြစ်ချင်တဲ့ ဘ၀ကို ကိုယ်တိုင်ပုံဖော်ဖို့အခွင့်အရေးရှိပါတယ်။ နောက်ကျမှသာ ကိုယ်လိုချင်တဲ့ဘ၀ကို သိမယ်ဆိုရင် ဒီအသက်အရွယ်မှာသာ ရှိနိုင်တဲ့ စိတ်အားထက်သန်မှု၊ ခွန်အား၊ ငယ်ရွယ်မှုတွေကပြန်မရနိုင်တာ့ပါဘူး။

Crd Prospect Myanmar